Wednesday 19 June 2013

တစ်ခါတုန်းက ပင်လယ်ထဲက ကျွန်းလေးတစ်ကျွန်းအပေါ်က သစ်ပင်ကြီးတစ်ပင်ပေါ်မှာ
နေထိုင်နေကြတဲ့ ငှက်အဖေ ကြီးတစ်ကောင်နဲ့ ငှက်သားလေးနှစ်ကောင် ရှိခဲ့ပါတယ်။ ငှက်သားလေးနှစ်ကောင်ကတော့ ကောင်းစွာ မပျံတတ်သေးတဲ့ အပျံသင်စ အရွယ်လေးတွေ
ဖြစ်ကြပါတယ်။

တစ်နေ့မှာ ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းတစ်ခု ဒီကျွန်းပတ်ဝန်းကျင်ကို ကျရောက်လာတော့မယ်
ဆိုတာကို ငှက်အဖေကြီးက ငှက်တို့သဘာဝအရ သိလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ ယခုနေထိုင်နေကြတဲ့ ကျွန်းဟာ အဲဒီ ကျရောက်လာတော့မယ့် လေပြင်းမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိမယ်မထင်လို့ ဒီကျွန်းထက် ပိုကြီးပြီး သစ်ပင်တွေပေါများပြီး လေပြင်းဒဏ်ကို
 ပိုခံနိုင်မယ့် ကျွန်းကြီးတခုကို အမြန်ဆုံးရှာဖွေပြီး ပြောင်းရွှေ့ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ ပိုလုံခြုံစိတ်ချရမယ့် ကျွန်းကြီးတစ်ခုကို တစ်ကိုယ်တည်း ပင်လယ်ထဲကိုလှည့်ပတ်ပျံသန်းရင်း
အဝေးတစ်နေရာမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် မရှေးမနှောင်းမှာပဲ အပျံမတတ်သေးတဲ့ မိမိသားငယ်နှစ်ကောင်ကို သူဟာ အဲဒီကျွန်းကြီးကို ပြောင်းရွှေ့ သယ်ဆောင်တဲ့ အလုပ်ကို စတင်ပါတော့တယ်။ ဆိုခဲ့တဲ့အတိုင်း သားနှစ်ကောင်ဟာ အပျံမတတ်ကြသေးတော့
အဖေငှက်ကြီးနဲ့ ယှဉ်တွဲပြီး သူတို့ကိုယ်တိုင် မပျံနိုင်သေးပါဘူး။

နောက်ပြီး ပင်လယ်ပေါ်ကနေ ပျံသန်းကြရမှာဖြစ်တာမို့လို့လည်း အန္တရာယ်က များလှပါတယ်။ အဝေးကြီးကိုလည်း ပျံသန်းရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ငှက်အဖေကြီးအနေနဲ့  သားနှစ်ကောင်ကို တစ်ကောင်ပြီးတစ်ကောင် တလှည့်စီ သူ့ခြေထောက်နဲ့ ကုပ်ပြီး သယ်ဆောင်သွားဖို့ကလွဲလို့ တခြားနည်း မရှိရှာပါဘူး။


ဒါကြောင့် ပထမဦးစွာ အချစ်ပိုမိတဲ့သားအငယ်ကို စတင်ပြီး ခြေနဲ့ကုပ်လို့ အလှမ်းကျယ်တဲ့
ပင်လယ်ခရီးကို စတင် ပျံသန်းခဲ့ပါတယ်။ အတော်ဝေးတဲ့ခရီးဖြစ်ပြီး တစ်ကိုယ်တည်း
လွတ်လွတ်လပ်လပ် ပျံသန်းရတာ မဟုတ်တော့ လမ်းခရီးမှာ မောပန်းသလို အိပ်ငိုက်သလို
ဖြစ်လာပါတယ်။ အဲဒါနဲ့ သားငယ်နဲ့ စကားစမြည်လေးပြောလိုက်ရရင် အိပ်ငိုက်လေးပြေစိမ့်သောငှာ
 သူဗိုက်အောက်က ခြေနဲ့ကုပ်သယ်လာတဲ့သားငယ်ကို ခုလို ပြောပါတယ်။

ငှက်အဖေကြီး။    ။     ။  "သားငယ်တို့ကို ဖေဖေဟာ ဒီအရွယ်အထိ နေ့စဉ်ရက်ဆက် ပင်ပင်ပန်းပန်း
                                     အစာရှာကျွေးခဲ့တယ်နော်။ အခုလည်းသားငယ်တို့ အန္တရာယ် 
                                     မကျရောက်စေဖို့ ဖေဖေသားငယ်ကို အခုလို သယ်ဆောင်ပြီး

                                     အဝေးကြီးကို ပို့ပေးဖို့ ပင်ပင်ပန်းပန်း ပျံသန်းနေရတယ်နော်။ အဲဒီတော့ 
                                     တစ်နေ့ ဖေဖေ အသက်ကြီးလို့ စာရှာမထွက်နိုင်တဲ့အခါကျရင် 
                                     အခုဖေဖေသားငယ်တို့ကို နေ့စဉ်အစာရှာကျွေးသလိုများ
                                     သားငယ်လေးက ဖေဖေ့ကို အစာပြန်ရှာကျွေးမှာလား ဆိုတာေ
                                     ဖေဖေသိချင်လှတယ်"

ငှက်သားငယ်။    ။     ။  "အိုဖေဖေရယ် မေးမှမေးတတ်ပလေတယ်။ ဒီလောက်သားတို့အပေါ်မှာ
                                     ဂရုတစိုက် စောင့်ရှောက်ရှာဖွေကျွေးမွေးတဲ့ အဖေကို သားငယ်က ဘာလို့ပြန်ပြီး 
                                     အစာရှာမကျွေးနိုင်ရမှာလဲ။ စိတ်ချပါဖေဖေ၊ အဲဒီအခါကျရင် 
                                     သားငယ်က ဖေ့ဖေ့ကိုတလှည့် အစာရှာကျွေးမှာပါ"

လို့ ချစ်စဖွယ်အသံလေးနဲ့ပြန်လည်ဖြေကြားသတဲ့။

ငှက်ငယ်လေးရဲ့ အဲဒီအဖြေစကားကို ကြားလိုက်ရတဲ့အခါမှာ ငှက်အဖေကြီးဟာ အတော့်ကို ၀မ်းသာပျော်ရွှင်လိုက်မိပါတယ်။ အမောလေးတွေလည်း ပြေသင့်သလောက် ပြေသွားတယ်ပေါ့လေ။
ဒါနဲ့ပဲ မရောက်နိုင်သေးတဲ့ ပျံသန်းမှုကို ဆက်လုပ်နေရပြန်တာပေါ့။ အဲဒီလိုပျံသန်းနေရင်းနဲ့ပဲ ငှက်အဖေကြီးဟာ အင်မတန် မောပန်းနွမ်းနွယ်လာပြန်ပါတယ်။
နှစ်ကိုယ်စာအတွက် မ,ချီပျံသန်းနေရတာ မဟုတ်ပါလားဗျာ။ အဲဒီအခါမှာတော့ သူဟာတော်တော်ကို မခံမရပ်နိုင်ဖြစ်လာပါတယ်။ ပျံသန်းရင်းနဲ့ တဖြည်းဖြည်း အောက်ကိုနိမ့်ကျလာပါတယ်။ မကြာခင်မှာပင်လယ်ထဲကိုထိုးကျဖို့လောက်အထိ အခြေအနေက ဆိုးလာပါပြီ။
သားငယ်လေးကိုပြုတ်မကျအောင် ခြေနဲ့ကုပ်ထားရတာကလည်း အရမ်းကိုလေးလာပါပြီ။
မျက်လုံးတွေလည်း ပြာချင်လာပါပြီ။

အဲဒီအချိန်မှာ သူသိလာတာက သူ့သားငယ်လေးကို ဆက်ပြီးကုပ်ထားမယ်ဆိုရင်
သူတို့နှစ်ကောင်စလုံးဟာ ပင်လယ်ထဲကိုကျပီး နှစ်ကောင်စလုံး အသက်ဆုံးရတော့မယ်ဆိုတာကို ၀မ်းနည်းစွာ နားလည်လိုက်ပါပြီ။ အဲဒီအတွက်သူဟာ နှစ်ကောင်သေဆုံးဖို့ထက် တစ်ကောင်တည်းသာ အသက်အဆုံးခံရတာက သဘာဝကျတာမို့လို့ သူကုပ်မ,လာခဲ့တဲ့ ချစ်လှစွာသော သားငယ်လေးကို ပင်လယ်တွင်းကို လွှတ်ချလိုက်ရပါတော့တယ်။ အဲဒီလိုလွှတ်ချလိုက်တော့မှပဲ
သူဟာ တကိုယ်စာအလေးချိန်နဲ့မို့လို့ ရှိသမျှအားလေးနဲ့ အားတင်းပျံသန်းပြီး သူတို့ မူလနေထိုင်နေတဲ့ကျွန်းက သားအကြီးဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ခဏအနားယူ အားမွေးပြီးတဲ့နောက်မှာ ဒီသားအကြီးကိုလည်းခုနက သားငယ်ကိုသယ်မ,သလိုပဲ
ခြေနှစ်ဖက်နဲ့ ကုပ်မပြီး ပင်လယ်ကိုဖြတ်ပြီး ပျံသန်းရပြန်ပါတယ်။


လမ်းမှာ ခုနကလိုပဲ ငိုက်မြည်းသလိုဖြစ်လာတာ မောပန်းသလို ဖြစ်လာတော့ သားအကြီးကို သားငယ်ကိုမေးတဲ့မေးခွန်းကို မေးမိပြန်ပါတယ်။ အဲဒီအခါမှာတော့ သူ့သားအကြီးငှက်ကလေးဟာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖြေကို ခုလိုပေးခဲ့ပါတယ်။


ငှက်သားကြီး။    ။     ။  "ဖေဖေ သားတို့ကိုရှာကျွေးခဲ့တာ အခုလို သယ်မပြီး ဘေးလွတ်ရာကို 
                                   ပို့ပေးတာတွေအတွက် သား ကျေးဇူးတင်လှပါတယ်ဖေဖေ။ 
                                   ဒါပေမယ့် ဖေဖေရယ်၊သားဖြေမယ့် အဖြေအတွက်

                                   ဖေဖေ သားကို စိတ်ဆိုးချင်လည်း ဆိုးပါတော့။ ကိုယ့်ကျေးဇူးရှင်ဖေဖေ့ကို 
                                   သားစိတ်ထဲကမပါဘဲ မညာပါရစေနဲ့ ဖေဖေရယ်။ သားကိုစိတ်ဆိုးလို့ 
                                   မုန်းသွားလို့ ဖေဖေ လွှတ်ချချင်လည်း လွှတ်ချပြီး ဖေဖေသာ

                                   အန္တရာယ်ကင်းတဲ့ နေရာကို  ရောက်အောင်ကြိုးစားပြီး ပျံပါလေတော့။

                                   သားကိုလွှတ်ချမှာကို စိုးရိမ်စိတ်နဲ့တော့ဖြင့် ကိုယ့်မိဘကျေးဇူးရှင်ကို သား 
                                   မလိမ်မညာပါရစေနဲ့။ ဖေဖေ့မေးခွန်းအတွက် သားရင်ထဲက 
                                   အမှန်အတိုင်းဖြေရမယ့်အဖြေကတော့...အခုဖေဖေဟာ မိဘ ဖြစ်တာကြောင့် 

                                   သားကို ရှာဖွကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဘေးလွတ်ရာကိုလည်း 
                                   အပင်ပန်းခံသယ်ဆောင် ပျံသန်းနေတယ်။ အဲဒီလိုပါပဲဖေဖေ

                                   တစ်နေ့မှာ အခုဖေဖေ သားအပေါ်ကျေပွန်စွာထမ်းဆောင်နေတဲ့ 
                                   တာဝန်မျိုးကိုသားအနေနဲ့ သားရဲ့ရင်သွေး သားသမီးတွေအပေါ်မှာ 
                                   တာဝန်ကျေအောင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

                                   ဒါကြောင့်မို့ ဖေ့ဖေ့ကိုသားအစာရှာမကျွေးနိုင်ပါဘူးဖေဖေ"

အဲဒီလို မမျှော်လင့်တဲ့အဖြေကို ရုတ်တစ်ရက်ကြားလိုက်ရတဲ့ ငှက်အဖေကြီးဟာ အလွန်ပင် စိတ်နှလုံးကျေကွဲစွာနဲ့ မျက်လုံးတွေမိုက်ကနဲဖြစ်ပြီး ပျံသန်းဖို့ အားတောင် ရုတ်တစ်ရက် ကုန်ဆုံးသွားသလို ဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့်လည်း သူတို့ဟာပင်လယ်ထဲကို ရုတ်တစ်ရက် ထိုးဆင်းတော့မလို ဖြစ်သွားပါတယ်။

အဲဒီ အခိုက်အတန့်ကလေးမှာပဲ ငှက်အဖေကြီးဟာ မမျှော်လင့်ပဲ တုန့်ပြန်မှုတစ်ခုကို သတိထားမိလိုက်ပါတယ်။ အဲဒါကတော့ သူလက်နဲ့ ကုပ်ချီထားတဲ့ သားကြီးဟာ 
ရှိသမျှခွန်အားနဲ့ အတောင်ပံကိုဖြန့်ပြီး တဖျတ်ဖျတ်ခတ်နေတယ် ဆိုတာပါပဲ။


သူတို့အောက်ကို နိမ့်ကျလာရာကနေ ရှိနေတဲ့အမြင့်မှာ ရပ်တန့်နေပါပြီ။ သူ့သားကြီး ငှက်ကလေးဟာ အစွမ်းကုန် တောင်ပံကိုခတ်ရင်း သားအဖနှစ်ယောက် ပင်လယ်ထဲထိုးမကျအောင် ရုန်းကန်နေပါတယ်။
အဲဒီမျှော်လင့်မထားတဲ့ တုန့်ပြန်မှု ကူညီ ရုန်းကန်မှုကြောင့် ၀မ်းသာအားရဖြစ်သွားတဲ့ ငှက်အဖေကြီးဟာ
အလွန်ကို အားတက်သွားပါတယ်။ ဒါကြောင့် ချက်ချင်း သတိပြန်ဝင်ပြီး သူကိုယ်တိုင်လည်း အတောင်ပံကို
အစွမ်းကုန်ခတ်လို့ နောက်ဆုံးမှာ လိုရာပန်းတိုင်ဖြစ်တဲ့ ကျွန်းကြီးဆီကို အန္တရာယ်ကင်းစွာ
 ရောက်ရှိသွားကြပါတယ်။

အမောအပန်းပြေတဲ့အခါမှာတော့ ငှက်အဖေကြီးဟာ အမြင်မှန်တစ်ခုကိုရလာခဲ့ပါတယ်။
အကယ်၍သာ သားအငယ်ဟာ အပြောချိုပေမယ့် ရေသာခိုတဲ့သား၊ တကယ်တမ်းမှာ မိဘနဲ့အတူ ၀ိုင်းမရုန်းကန်ဘဲ နို့စို့ခံသားသက်သက် မဟုတ်ဘဲ သားကြီးလိုသာ အမှန်တရားကို သတ္တိရှိရှိနဲ့ အမုန်းခံပြောရဲပြီး တစ်ကယ်တမ်း အရေးကြုံလာတဲ့အခါမှာ ကြုံလာတဲ့အခက်အခဲကို မိဘနဲ့အတူ လက်ရည်တပြင်စီး လက်တွေ့ကျကျ ခွန်အားရှိသလောက် ၀ိုင်းဝန်းရုန်းကန်
 ဖြေရှင်းပေးနိုင်တဲ့ သားကြီးမျိုးသာဖြစ်ခဲ့မယ်ဆိုရင်.....
သူ့သားငယ်လေးကို ပင်လယ်ထဲကို အဘယ်အကြောင်းကြောင့် လွှတ်ချလိုက်ဖို့လိုခဲ့မှာလဲလို့သာ တွေးမိတော့တယ်။

-----------------------------------------------------------------------------------------------------------------
စာရေးသူ၏ သုံးသပ်ချက်။။။

တကယ်တော့ လက်တွေ့ လူမှုဘဝမှာ ပုံပြင်ထဲက ငှက် သားအဖ သုံးကောင်လို
အဖြစ်မျိုးတွေ ရှိနေပါတယ်။

(၁) သာမန် အပေါ်ယံ ကြည့်မယ်ဆိုရင်တော့... ငှက်သားကြီးဟာ ကျွန်တော်တို့ လက်ခံတဲ့ သားကောင်းမျိုးပါ။ ဒါပေမယ့် မိဘရဲ့ အခက်အခဲ ဝန်တာတွေကို ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ပေးတဲ့ သားသမီးမျိုး ဘယ်လောက်ရှိပါသလဲ???

(၂) မိဘကို စကားချိုချိုလေးတွေ ပြောပြီး အချောင်ခို မိဘရဲ့အခက်အခဲအတွက် ရုန်းကန်လိုစိတ် မရှိတဲ့ သား၊သမီးမျိုး ဘယ်လောက်ရှိပါသလဲ???

(၃) မိဘ ဘက်ကို ကြည့်ရင်...တကယ် အသက်နဲ့ ရင်ဆိုင်လာတဲ့ အခါ မိမိ သားသမီးရဲ့ အသက်ကို စွန့် လွှတ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါကိုရော...ကျွန်တော်တို့ အပြစ်တင်သင့်ပါသလား???

(၄) ဘာကြောင့် ငှက်အဖေကြီးက သားငယ်ကို လွှတ်ချခဲ့ပါသလဲ....???

(၅) သားအငယ်ရဲ့ အလေးချိန်ကြောင့် သူပါ ရောပြီး ပင်လယ်ထဲ ထိုးကျမှာကို စိုးရိမ်တယ်ဆိုတာ 
      မှန်ပါတယ်။ ဒါပေမယ့် သူ့မှာ နောက်ထပ် သားတစ်ယောက် အသက်ရှင်လျက် ကျန်သေးတဲ့ 
      အတွက် လက်ရှိကြုံလာတဲ့ အခက်အခဲကို  အကောင်းဆုံး ဖြေရှင်းတာလို့ 
      ကျွန်တော်တို့ နားလည်ပေးနိုင်ပါသလား???

(၆) ငှက် အဖေကြီး အတွက် သားငယ် ကို လွှတ်မချဘဲ...နှစ်ယောက်စလုံး အသက်ရှင်နိုင်မယ့်  
      တခြား ရွေးချယ်ခွင့်ရော ရှိနိုင်ပါသလား???

(၇) သားကြီးဟာ အတောင်ပံစုံလို့ ဖခင်နဲ့ အတူ ရုန်းကန်နိုင်ပြီး သားငယ်ကတော့ ငယ်လွန်းပြီး 
      ပျံသန်းနိုင်စွမ်း မရှိလို့  မပျံသန်းခဲ့တာပါလို့ ကျွန်တော်တို့ စောဒက တက်လို့ရနိုင်ပါသလား???

(၈) သားငယ်ငှက်ကလေးက သူ့ ဖခင် ငှက်ကြီးကို ပြောခဲ့တာတွေက မှားတယ်လို့ ယူဆပါသလား???

(၉) သားငယ်လို ခွန်အားဖြည့်ပေးနိုင်ပြီး ချိုသာတဲ့ စကားမျိုးနဲ့ သားကြီးလို ရုန်းကန်လိုစိတ်လေးလည်း 
      ရှိမယ်ဆိုရင်ရော???

မိမိရဲ့ မိဘကို ချိုသာသော စကားမျိုးနဲ့ ကျေနပ်ပြီး ခွန်အားဖြစ်စေမယ်။ ပြီးတော့ အဲဒီ ချိုသာကြည်အေးသော စကားနောက်မှာ (Action) အလုပ်က နောက်ဆက်တွဲ အဖြစ်မျိုးနဲ့ လိုက်ပါနိုင်ရင် ကျွန်တော်တို့ ဟာ ငှက်သားငယ်၊သားကြီးတို့ထက် အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြမှာ မလွဲသေချာ အမှန်ပင် ဖြစ်ပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သားသမီးတိုင်း မိဘရဲ့ အခက်အခဲကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ ကူညီပံ့ပိုးသူများ(ကျွန်တော်အပါအဝင်) 
ဖြစ်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။



ရေးသားသူ- အိမ်ဝေးသူ (KZ)




Sunday 16 June 2013

တစ်ခေတ်တစ်ခါတုန်းက အိန္ဒိယနိုင်ငံအလယ်ပိုင်းက ရွာတစ်ရွာမှာ အလွန်ထင်ရှာကျော်ကြားတဲ့
သင်္ချာပညာရှင်ကြီးတစ်ယောက်ရှိခဲ့တယ်။ သူဟာ သင်္ချာပညာမှာ တော်လွန်းတဲ့အတွက် မကြာမကြာဆိုသလို နယ်စားမင်းကတောင် ခေါ်ပြီးတော့ စီးပွားရေးနဲ့ ဆိုင်တဲ့ တွက်ချက်မှုတွေ၊ အကြံဥာဏ်တွေ တောင်းယူရပါသတဲ့။ သူ့ရဲ့ ဂုဏ်သတင်းဟာ ပတ်ဝန်းကျင် တစ်ခွင် ပြဲပြဲစင်ဆိုပဲ။
ဒါပေမယ့် သူနေတဲ့ ရွာက ရွာလူကြီးရဲ့ ကဲ့ရဲ့ လှောင်ပြောင်မှုက သူ့ကို တော်တော်နာကျင်စေတယ်။

“ဗျို့ ဆရာကြီး...ခင်ဗျားကတော့ နယ်စားကြီးကိုတောင် စီးပွားရေးနဲ့ ပက်သက်တဲ့ အကြံဥာဏ်တွေ ပေးနိုင်တဲ့ တကယ့် သင်္ချာပညာရှင်ကြီးပဲဗျာ။ ဒါပေမယ့် ခင်ဗျားသားကတော့ သိပ်သနားဖို့ ကောင်းရှာတယ်။  ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုးကြီးသလဲဆိုတာတောင် မသိရှာဘူးဗျာ”

တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့ စဉ်ဆိုသလို ဖြစ်လာတော့ သင်္ချာပညာရှင်လည်း
သူ့ သားကို ခေါ်ပြီး မေးရတော့တယ်။

သင်္ချာပညာရှင်။  ။       လူလေး...ရွှေနဲ့ ငွေမှာ ဘယ်ဟာက ပိုတန်ဖိုး ကြီးသလဲကွ?
သား။  ။                       ရွှေက ပိုတန်ဖိုး ကြီးတာပေါ့ အဖေရ။
သင်္ချာပညာရှင်။  ။       အေး၊ အဲဒါ အမှန်ပဲလေ။ ဒါနဲ့များတောင် ရွာလူကြီးက
                                  မင်းဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင် မသိသူလို့ ဘာကြောင့်
                                  ငါ့ကို လှောင်ပြောင်ရသလဲ? 
                                  ငါ့ကို အမြဲတမ်း သားကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့

                                  ဖခင်တစ်ယောက်အဖြစ် အခြားလူကြီးတွေရှေ့ မှာ ကဲ့ရဲ့ ဝေဖန်တယ်။
                                  အဖေ..ဘယ်လောက်နာကျင်ရသလဲ မင်းသိရဲ့ လား။ 
                                  အဖေထင်တာက မင်းက တကယ့်ကို ရွှေနဲ့ ငွေ တန်ဖိုးကို မသိလို့ 
                                  အဖေ့နောက်ကွယ်မှာ မင်းအကြောင်းကို လှောင်ပြောင်ကဲ့ရဲ့ ကြတာလို့ 
                                  ထင်ခဲ့တာကွ။ အဲဒီကိစ္စကို အဖေ့ကို နားလည်အောင်ရှင်းစမ်း။

အဲဒါနဲ့ သားဖြစ်သူဟာ ဖခင် သင်္ချာပညာရှင်ကြီးကို ရွာသူကြီးက သူ့ကို ဘာကြောင့် အထင်မြင်သေးစွာ ဆက်ဆံသလဲဆိုတာကို အခုလို ရှင်းပြတယ်။

သား။  ။                       ဒီလိုအဖေရ...နေ့စဉ်နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့အခါ 
                                   သူကြီးအိမ်ရှေ့ရောက်တဲ့အခါတိုင်း ရွာသူကြီးက ကျွန်တော့်ကို အိမ်ထဲဝင်ဖို့ခေါ်တယ်။ 
                                   အိမ်ထဲမှာ အခြားရွာလူကြီးတွေလည်း အပြည့်ပေါ့ဗျာ။
                                   အားလုံးရှေ့မှာ သူက လက်တစ်ဖက်မှာ ရွှေပြားတစ်ပြားနဲ့ အခြားလက်တစ်ဖက်မှာ
                                   ငွေပြားတစ်ပြားကိုင်ထားပြီးတော့ ပိုတန်ဖိုးကြီးတဲ့ တစ်ခုကို ရွေးပြီးယူခွင့်ပေးပါတယ်။
                                   ကျွန်တော်က ငွေပြားကိုရွေးပြီးယူတော့ သူအပါအဝင် အခြားလူကြီးတွေအားလုံးက 
                                   ကျနော်က ရွှေနဲ့ ငွေတန်ဖိုးမသိသူအဖြစ် ရယ်စရာ သတ္တဝါတစ်ကောင်လို
                                   လှောင်ပြောင်ကြပါတယ်။ ကျွန်တော်လည်း ငွေပြားကိုယူပြီးရင် ကျောင်းကို 
                                   ဆက်သွားပါတယ်။ ဒါက ခုဆိုရင် နေ့ စဉ်ရက်ဆက်ကို ဖြစ်နေတာပါ။ 
                                   အဲဒါကြောင့်ပဲ သူတို့က အဖေ့ရှေ့မှာ ကျနော်ဟာ ငတုံးဆိုတဲ့

                                   သဘောမျိုးနဲ့ လှောင်ပြောင်ကြတာပါ။

သင်္ချာပညာရှင်။  ။   ဟေ...!!!

သားဖြစ်သူရဲ့ စကားကို ကြားတော့ ဖခင်ဖြစ်သူ သင်္ချာပညာရှင်လည်း ခေါင်းရှုပ်သွားတော့တယ်။
သူ့ သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိသိကြီးနဲ့ ဘာကြောင့် အလှောင်ခံပြီး ငွေကိုပဲ
 နေ့ စဉ်ရွေးနေတာလဲပေါ့။ အဲဒါနဲ့ သားဖြစ်သူကို ခုလိုမေးလိုက်တယ်။

သင်္ချာပညာရှင်။  ။    လူလေး..မင်းက တကယ့်တန်ဖိုးကိုလည်း သိတယ်။
                                ရွှေကို ယူလို့ ရတယ်ဆိုတာ သိရဲ့ သားနဲ့ 
                                ဘာကြောင် အဲဒီလို လုပ်ရသလဲကွာ?။

သား။  ။                အဖေသိချင်ရင် ကျနော့် အခန်းကို လိုက်ခဲ့ပါ။ ကျနော် အဖေ့ကို ရှင်းပြပါမယ်။

သားဖြစ်သူရဲ့ အခန်းထဲကို သင်္ချာပညာရှင်ကြီးလည်း အတူလိုက်ဝင်သွားတာပေါ့။ အဲဒီမှာ သူ့သားက
သူ့ ကို သေတ္တာလေးတစ်လုံး ပြတယ်။ သေတ္တာထဲမှာ အနည်းဆုံး ငွေပြားတစ်ရာလောက်ကို ရှိနေတယ်။
ပြီးတော့...သူ့ဖခင်ကို အခုလို ရှင်းပြပါတယ်။

သား။  ။              အဖေ..သိလား တကယ်လို့ သာ ကျနော်ဟာ တစ်နေ့ နေ့ မှာ ရွှေကို ရွေးပြီး 
                          ယူခဲ့မယ်ဆိုရင် အဲဒီနေ့ကစပြီး ကစားပွဲက ပြီးပြီ။ သူတို့ ကျနော့်ကို
                          လှောင်ပြောင်ကဲ့ရဲ့ ကြမှာ မဟုတ်တော့သလို ကျန်ာလည်း နေ့ စဉ် နေ့တိုင်း

                          ငွေပြားတစ်ပြားစီ ရစရာ အကြောင်းမရှိတော့ဘူးလေ...အဖေ။

 -----------------------------------------------၀၀၀----------------------------------------------------------------
မူရင်းစာရေးသူရဲ့ သုံးသပ်ချက်။

ဘဝမှာ တစ်ခါတလေကျရင် ကျနော်တို့ လည်း လုပ်ဖော်ကိုင်ဖက်တွေကြားမှာ၊ ကိုယ့်အထက်လူကြီးတွေကြားမှာ ရူးချင်ယောင်ဆောင်ကြရပါတယ်။ အဲဒါဟာ ကျနော်တို့ တကယ်ရူးနေတယ်လို့ ယူဆစရာမလိုပါဘူး။ ဘဝကစားပွဲမှာလည်း
ကျနော်တို့ ရှုံးနေတယ်လို့ မဟုတ်ပါဘူး။ တစ်ဖက်က သူတို့ နိုင်ပြီလို့ ယူဆနေချိန်မှာ
ကျနော်တို့ လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီကစားပွဲမှာ အနိုင်ရနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုအနေအထားမှာ အရှုံးပေးချင်ယောင်ဆောင်ပြီး
ဘယ်လို နေရာမျိုးမှာ အနိုင်ယူပြရမလဲဆိုတာတော့...ကျနော်တို့ ရွေးရမှာပါ။


ဘာသာပြန်သူရဲ့  သုံးသပ်ချက်။

တစ်ခါမှာ မောင်ကကြီးဟာ ခရီးတိုတစ်ခုကို တက္ကစီ ငှားစီးပြီး သွားပါတယ်။ သူလိုချင်တဲ့ နေရာကိုရောက်တော့ စကားတစ်ခွန်းမှ
မပြောဘဲ တက္ကစီပေါ်က ဆင်းလိုက်ပါတယ်။ အဲဒီနောက် ရှပ်အင်္ကျီအိတ်ထဲကို နှိုက်တယ်။ ပြီးတော့ ပိုက်ဆံအိတ်၊ လွယ်အိတ်
တစ်ခုချင်းစီ နှိုက်တော့ ကားဆရာ မောင်ခခွေးက သူ့ကို သေချာကြည့်နေပါတယ်။ အိတ်ပေါင်းစုံ နှိုက်ပေမယ့် ပိုက်ဆံကတော့
တစ်ပြားသားမှ ထွက်မလာ။ အဲဒါနဲ့ မောင်ကကြီးလည်း စိတ်ပျက်လက်ပျက်သံနဲ့ ပြောလိုက်တယ်။

"ကျနော့် ဒေါ်လာတစ်ရာတန်တစ်ရွက် ခင်ဗျားကားထဲမှာ ကျနေတယ်နဲ့ တူရဲ့ ဗျာ"

အဲဒီစကားကို ကြားတာနဲ့ တစ်ပြိုင်နက်တည်း ကားဆရာ မောင်ခခွေးလည်း ကားလီဗာကို တအားနင်းပြီး
တစ်ရှိန်ထိုး မောင်းထွက်သွားပါတော့တယ်။ ဒေါ်လာ တစ်ရာတန် ဆိုတဲ့ အတွေးက သူ့ကို ခွန်အားဖြစ်စေတယ်လေ။ မောင်ခခွေးရဲ့ ကားမောင်းထွက်သွားတာကို အဆုံးထိ ကြည့်ပြီး မောင်ကကြီးလည်း အားရပါးရကြီးကို ပြုံးလိုက်တယ်။ ပြီးတော့....

မင်း...လည်သလောက်ကတော့ ငါ...ပျင်းတောင် ပျင်းသေးတယ်

လို့ ရွတ်ပြီး သူသွားချင်တဲ့နေရာကို ပေါ့ပေါ့ပါးပါး ဝင်သွားပါတော့တယ်။
တကယ်တော့ ဒီလို အဖြစ်အပျက်မျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ ဒေးပါ။
တစ်ခါတရံမှာ ကျွန်တော်တို့ဟာ မိမိအတွေးမှာ မုဆိုးလို့ ထင်မြင်တတ်ပေမယ့် အခြားသူတစ်ယောက်အမြင်မှာ
သနားစရာ သားကောင်လေး တစ်ကောင် ဖြစ်နေတတ်ပါတယ်။
သင်္ချာပညာရှင်ကြီးရဲ့သားဟာ အများအမြင်မှာ အရူးတစ်ယောက်၊ ကျပ်မပြည့်သူ တစ်ယောက်
အဖြစ် ကျေကျေနပ်နပ်ခံယူခဲ့ပြီး တစ်ဖက်မှာ သူလိုချင်တဲ့ ငွေပြားကိုတော့ ရအောင်ယူသွားခဲ့ပါတယ်။
သူ့ကို ကျနော်တို့ အရူးတစ်ယောက်၊ အဖြစ် သတ်မှတ်လို့ ရနိုင်ပါသလား?
သူကြီးဖက်ကို ပြန်ကြည့်ရင်လည်း သူ တစ်နေ့တစ်ပြားစီ ဆုံးရှုံးနေရတာကိုတောင် သတိမပြုမိလောက်အောင် သူတစ်ပါးကို လှောင်ပြောင်ကဲ့ရဲ့ ချင်စိတ်များလွန်းတယ်။
ဒါပေမယ့် ဒီနေရာမှာ သူကြီးက သင်္ချာပညာရှင်ကြီးရဲ့ သိက္ခာကျစေလိုတဲ့ ဒုက္ခပေးချင်တဲ့ စိတ်ဓာတ်ကြောင့်သာ ငွေတစ်ပြားစီ နေ့စဉ် ဆုံးရှုံးတာကို သတိမမူမိနိုင်တာပါ။
အခြား သာမန် ရွာသူ ရွာသားတစ်ဦးဦးရဲ့  သားဆိုရင်တော့ ဒီလို လုပ်မယ်လို့ ထင်ပါသလား?
သားဖြစ်သူ ရှင်းပြတဲ့ အဖြစ်မှန်ကို နားထောင်ပြီးတဲ့ နောက်ပိုင်းမှာ နာမည်ကျော် သင်္ချာပညာရှင်ကြီးက သူ့သား လုပ်နေတဲ့ လုပ်ရပ်ကို (အရူးအဖြစ်ခံပြီး ငွေအသပြာတစ်ပြားစီ နေ့စဉ်ယူခြင်း) ဆက်ပြီးလုပ်ခွင့် ပေးနိုင်ပါ့မလား ?
ဒီနေရာမှာ လူတစ်ဦးချင်းစီရဲ့ ခံယူချက်ကသာ အဓိက ကျတယ်လို့ထင်မိပါတယ်။
သင်္ချာပညာရှင်ကြီးရဲ့ သားဖြစ်သူဟာ သူလိုချင်တာကို ရဖို့ တွက် သူ့သိက္ခာကို စွန့် လွှတ်ရဲတဲ့ သတ္တိရှိခဲ့တယ်။
ဒါပေမယ့် သူ့နေရာမှာ သူ့ ဖခင် သင်္ချာပညာရှင်ကြီးဆိုရင်ကော...သူ့လို လုပ်ပါ့မလား။
သိက္ခာနဲ့ ငွေကို လဲပါ့မလား....?



ရေးသားသူ- အိမ်ဝေးသူ (KZ)
 




အကြံပေးချက်။    သူတစ်ပါးကို လိုအပ်တာထက် ပိုပြီးလည်း အထင်အမြင် မကြီးမိပါစေနဲ့။
                              သူတစ်ပါးကို မလိုအပ်ဘဲနဲ့ လည်း အသားလွတ် အထင်အမြင် မသေးမိပါစေနဲ့။



-----------------------------------------------------------------------------------------------------------------------------
အသိပေးခြင်း။ The Smart Game – Gold or Silver? ဆိုတဲ့ ပုံပြင်လေးကို ဆိုလိုရင်းမပျောက်စေဘဲ
အနီးစပ်ဆုံး ဘာသာပြန်ထားခြင်းပါ။ နေရာဒေသ အတိအကျ မဖော်ပြခြင်းမှာ အမှတ်မမှားစေလိုခြင်းကြောင့်ဖြစ်ပါသည်။ ဘသာပြန်ဆရာ မဟုတ်သည့်အတွက် အမှားအယွင်းပါခဲ့ပါက ဖြည့်စွက်ပြီး ဖတ်စေလိုကြောင်း။

Tuesday 11 June 2013

ဟိုးရှေးရှေးတုန်းက  အမည်မဲ့ တိုင်းပြည်တစ်ခုမှာ အမည်မသိ ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးက ခေတ်စကားနဲ့ပြောရင် အတွေးအခေါ် ကောင်းတယ်ပေါ့။ ပြီးတော့ သူက စာဖတ်တဲ့အကျင့်ရှိတော့ ရှေးခေတ်ဘုရင်ကြီးတွေ၊ ပညာရှိတွေ ဘယ်လို တရားစီရင်သလဲ
ဆိုတာကို အမြဲအတုယူ လေ့လာလေ့ရှိသတဲ့။ သူလေ့လာသလောက်ကတော့ ပညာရှိသုခမိန်ကြီး မဟောသဓာရဲ့ တရားစီရင်တဲ့အကွက်တွေဟာ အံ့မခန်းပဲပေါ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ မဟောသဓာရဲ့ အတ္ထုပ္ပတ္တိနဲ့ တရားစီရင်တာတွေကို အဆက်မပြတ် လေ့လာလိုက်စားလိုက်တာ တော်တော်လေးခရီးပေါက်ခဲ့တယ်ဆိုပဲ။ အဲဒီထဲမှာ သူအထင်ကြီးလေးစားဆုံးအကွက်က မဟောသဓာက အမရာကို လက်သီးဆုပ်ပြတဲ့အကွက်ပဲတဲ့။

စကားတစ်လုံးမှ မပြောဘဲ လက်သီးဆုပ်ပြလိုက်ရုံနဲ့ ချက်ချင်း လက်ဝါးပြန်ဖြန့်ပြီး
အဖြေပေးနိုင်တဲ့ အမရာကိုလည်း တိတ်တိတ်ကလေး အထင်ကြီးလေးစားပါသတဲ့။
အမရာဟာ မဟောသဓာနဲ့ တစ်ခြား နှုတ်မေး နှုတ်ဖြေတွေ မလုပ်ခင် လက်ဟန်နဲ့ အသံတိတ် မေးခွန်းရဲ့ အဖြေကို ပေးနိုင်ကတည်းက မဟောသဓာရဲ့ အထင်ကြီးလေးစားမှုကို ရခဲ့တဲ့သူလည်း ဖြစ်တယ်ဆိုတာကို ဘုရင်ကြီးက သိထားတယ်။ တစ်ပြိုင်နက်တည်းသူလည်း မဟောသဓာရဲ့ အသံတိတ် မေးခွန်းမေးနည်းကို လက်တွေ့ အသုံးချချင်စိတ် ဖြစ်တယ်။
ပြီးတော့ သူ့ တိုင်းပြည်မှာ အမရာလိုချက်ချင်းအသံတိတ် ပြန်ဖြေနိုင်တဲ့ ပညာအရှိဆုံး အရေအတွက် (အမျိုးသား၊အမျိုးသမီး) ဘယ်နှစ်ယောက် ရှိသလဲလို့ သိချင်တယ်။ ဒါပေမယ့် သူ့အလှည့်ကျရင်တော့ မဟောသဓာလို မေးခွန်း (၁) ခုတည်း မမေးဘဲ မေးခွန်း (၃) ခွန်း မေးပစ်လိုက်မယ်လို့ ကြိမ်းဝါးထားတယ်။

အဲဒါနဲ့ တိုင်းသူပြည်သားတွေအတွက် မေးခွန်း(၃) ခွန်း စီစဉ်ထားတယ်။ အဲဒီမေးခွန်း ၃ခုလုံးကို မှန်အောင် ဖြေနိုင်သူကို ပညာရှိအဖြစ် သတ်မှတ်ပြီး ဆုတော်ငွေတွေလည်း ချီးမြှင့်မယ်လို့ တိုင်းပြည်မှာ ကြေငြာလိုက်တယ်။ အဲဒါနဲ့ တိုင်းပြည်မှာ ရှိတဲ့ ပညာရှိ မှူးမတ်တွေ၊
ဆရာကြီးတွေ အားလုံး နန်းရင်ပြင်မှာ စုရုံးလာကြတာပေါ့လေ။
နန်းရင်ပြင်မှာ လူတွေစုံသလောက်ရှိလာတဲ့အခါကျတော့ ဘုရင်ကြီးက သူ့ရဲ့ အသံတိတ်
မေးခွန်း (၃)ခုကို မေးပါသတဲ့။


မေးခွန်းနံပါတ် (၁)
လက်ငါးချောင်း ထောင်ပြ ပါသတဲ့။

မေးခွန်းနံပါတ် (၂)
ရင်ဘတ်ကို ပုတ်ပြသတဲ့။

မေးခွန်းနံပါတ် (၃)
လက်မောင်းကို ထုတ်ပြပါသတဲ့။

ဘုရင်ကြီးက မေးတဲ့ မေးခွန်း ၃ ခုကို နန်းရင်ပြင်မှာရှိတဲ့ ပညာရှိအမတ်ကြီးတွေကော၊ မှူးမတ်အရာရှိတွေကော ဘယ်သူကမှ
အဖြေမပေးနိုင်ဘူး။ မှူးမတ်တွေ၊ ဝန်ကြီးတွေအားလုံး လက်မှိုင်ချ တိတ်ဆိတ်နေကြတော့
ဘုရင်ကြီးလည်း အမရာလို ချက်ချင်းပြန်ဖြေနိုင်စွမ်း ရှိတဲ့ ပညာရှိမျိုး သူ့ တိုင်းပြည်မှာ မရှိလေခြင်း ဆိုတဲ့အသိနဲ့  ဝမ်းနည်းငုတ်တုတ် ဖြစ်နေတုန်းမှာပဲ နန်းရင်ပြင်ထဲကို ဒယီးဒယိုင် ဝင်လာတဲ့ (ကဆော်သမား) အရက်မူးသမားတစ်ယောက် ၀င်လာတာကို တွေ့ လိုက်တယ်။

" ဒီမှာ ပညာရှိ ရှာမရလို့ စိတ်ညစ်ရတဲ့အထဲ အရက်မူးသမားက တစ်မှောင့်...အပြင်ကိုဆွဲထုတ်ချေ" ဆိုပြီး မင်းချင်းတွေကို မိန့်လိုက်တယ်။ ဒါပေမယ့် အရက်သမားက သူဟာ အရက်မူးသမားဖြစ်ပေမယ့် ဘုရင်ကြီးမေးထားတဲ့ မေးခွန်းသုံးခုရဲ့ အဖြေကို သိတဲ့အတွက်  ဖြေချင်ကြောင်း လျှောက်ထားတော့ ဘုရင်ကြီးက ဝမ်းသာအားရ ဖြေခွင့်ပေးလိုက်တယ်။ ဘုရင်ကြီးရဲ့ ခွင့်ပြုမိန့် ကို ရပြီးတာနဲ့ အရက်သမားက မေးခွန်းတွေ စတင်ဖြေဆိုပါတော့တယ်။

သူဖြေတဲ့ အဖြေတွေကတော့…

မေးခွန်းနံပါတ် (၁)    လက်ငါးချောင်း ထောင်ပြ တဲ့ အတွက် အတွက် အရက်သမားရဲ့
အဖြေနံပါတ်    (၁)    လက်ဆယ်ချောင်း ပြန်ထောင်ပြ သတဲ့။

မေးခွန်းနံပါတ် (၂)    ရင်ဘတ်ကို ပုတ်ပြ တဲ့ အတွက် အရက်သမားရဲ့ 
အဖြေနံပါတ်    (၂)    ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြ သတဲ့။

မေးခွန်းနံပါတ် (၃)      လက်မောင်းကို ထုတ်ပြ တဲ့ အတွက် အရက်သမားရဲ့
အဖြေနံပါတ်    (၃)     ပုဆိုးကိုလှန်ပြ သွားလေသတဲ့။

အဲဒီလို စကားတစ်လုံးမှ မပြောရဘဲ အသံတိတ် တရစပ် ဟန်ပန်နဲ့ ဖြေသွားတဲ့ အရက်မူးသမားရဲ့ အဖြေကို
သဘောတော်တွေ့သွားတဲ့ ဘုရင်ကြီးက အရက်မူးသမားကို ဆုတော်ငွေတွေအများကြီး ချီးမြှင့်လိုက်သတဲ့။
သာမန်အားဖြင့်တော့ ပုံပြင်လေးက ဤတွင် ပြီးဆုံးပါပြီပေါ့။ ဒါပေမယ့် ဒီ ပုံပြင်လေးမှာ ဘုရင်ကြီးရဲ့ အတွေးအမြင်နဲ့ အရက်သမားရဲ့ အတွေးအမြင်ဆိုပြီး စိတ်ဝင်စားစရာ နောက်ဆက်တွဲလေး ကျန်ခဲ့ပါသေးတယ်။

ဘုရင်ကြီး တွေးမိတဲ့ အတွေး
 
မေးခွန်းနံပါတ် (၁)

ဘုရင်ကြီးမေး ။     ။ မင်းကျင့်တရားငါးပါးနဲ့အညီ ငါဘုရင်ကြီး အုပ်ချုပ်နိုင်ရဲ့လား?
                               ( လက်ငါးချောင်း ထောင်ပြခြင်း)

အရက်သမားဖြေ။  ။ မင်းကျင့်တရားငါးပါးတင်မကဘူး။ ဆယ်ပါးနဲ့ပါ ပြည့်စုံပါပေတယ်။
                                ( လက်ဆယ်ချောင်း ပြန်ထောင်ပြခြင်း )

မေးခွန်းနံပါတ် (၂)

ဘုရင်ကြီးမေး။        ။ တိုင်းပြည်ကို ရင်အုပ်မကွာ စောင့်ရှောက်နိုင်ရဲ့လား?
                                 (ရင်ဘတ်ကို ပုတ်ပြခြင်း)

အရက်သမားဖြေ။    ။ ရင်အုပ်မကွာ စောင့်ရှောက်ရုံတင်မကဘူး။ ကျောသား၊ ရင်သားပါ မခွဲခြားဘဲ
                                  အုပ်ချုပ်နိုင်ပါပေတယ်       
                                  ( ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြခြင်း )

မေးခွန်းနံပါတ် (၃)

ဘုရင်ကြီးမေး    ။    ။  ငါဘုရင်ကြီး လက်ရုံးရည်နဲ့ ပြည့်စုံရဲ့လား?
                                 (လက်မောင်းကို ထုတ်ပြခြင်း)
အရက်သမားဖြေ။    ။ လက်ရုံးရည်တင်မကပါဘူး။ နှလုံးရည်နဲ့ပါ ပြည့်စုံပါပေတယ်။
                                  (ပုဆိုးကိုလှန်ပြခြင်း)


အရက်သမား တွေးမိတဲ့ အတွေး 
 

မေးခွန်းနံပါတ် (၁)

ဘုရင်ကြီးမေး။      ။ မင်း အရက်ငါးလုံး ကုန်အောင် သောက်နိုင်လား?
                               ( လက်ငါးချောင်း ထောင်ပြခြင်း)

အရက်သမားဖြေ။  ။ အရက် ငါးလုံးတင်မကဘူး။ ဆယ်လုံးတောင် သောက်နိုင်တယ်။
                                ( လက်ဆယ်ချောင်း ပြန်ထောင်ပြခြင်း )

မေးခွန်းနံပါတ် (၂)

ဘုရင်ကြီးမေး။      ။ အဲလောက်သောက်တာ မင်းရင်တွေ မပူဘူးလား?
                               (ရင်ဘတ်ကို ပုတ်ပြခြင်း)

အရက်သမားဖြေ။  ။ ၁၀လုံးသောက်မှတော့ ရင်တွေတင်ဘယ်ကမလဲ။ ကျောတွေပါ ပူတယ်။
                                (  ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြခြင်း )

မေးခွန်းနံပါတ် (၃)

ဘုရင်ကြီးမေး။      ။  မင်းက မိုက်လို့လား။
                               (လက်မောင်းကို ထုတ်ပြခြင်း)

အရက်သမားဖြေ။  ။ မင်းက ဗလအားကိုးနဲ့  ငါ့ကို မိုက်လားလို့ မေးတော့ … ငါကလည်း မင်းကို
                                ဒါပဲ ထင်တယ်ကွာ။
                                (ပုဆိုးကိုလှန်ပြခြင်း)

တစ်ခါတလေ အမြင်မတူပေမယ့်လည်း ထိပ်တိုက် ရင်မဆိုင်ရသေးသရွေ့ တော့ အလုပ်ကတော့ ဖြစ်သွားတတ်ပါတယ်။တစ်ယောက်အမြင်ကို တစ်ယောက်က ဖွင့်ဟ ချပြရတာမျိုး ဆိုရင်တော့ ဘုရင်ကြီးပေးတဲ့ ဆုလဒ်မရဘဲ... တစ်ခုခုတော့ ရသွားနိုင်ရဲ့ ။ဘုရင်ကြီးရဲ့ အသံတိတ် မေးခွန်း (၃) ခွန်းကို အသံတိတ် ဖြေမယ့်သူများ ရှိရင် ကွန့် မန့် လေးများနဲ့ 
ကြိုတင်ပြီး စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း။ :P



ရေးသားသူ- အိမ်ဝေးသူ (KZ)

Monday 10 June 2013

''လူ ၂ ယောက်ရှိမယ်ဆိုပါစို့ ။
သူတို့ တစ်ယောက်ချင်းစီမှာ .... အတွေးအမြင် တစ်ခုစီရှိမယ်။
တစ်ယောက်တစ်ခုစီ ... ဖလှယ်လိုက်ရင် ... တစ်ယောက်ကို ၂ ခုစီဖြစ်သွားမယ်''


---------------------------------------------------------------------------------

ပေးကား ပေး၏... မရ ။ ကျွေးကား ကျွေး၏.. မဝ, တဲ့။

အတွေးအမြင်၊ အယူအဆ ဆိုတာ ပေးသူနဲ့ ယူသူနှစ်ဦးကြားမှာ

နှစ်ယောက်စလုံးရဲ့ လက်ခံနိုင်စွမ်း ပေါ်မူတည်ပြီး အတိမ်အနက် ကွဲပြားနိုင်ကြောင်း

ယူဆမိပါတယ်။ 



ဒီနေရာမှာ အလွန်ကို ရှင်းတဲ့ အကြောင်းအရာတစ်ခုက မိမိရဲ့ 

အတွေးအခေါ်မှာ မှန်နိုင်ခြေ ရာခိုင်နှုန်းများတယ်လို့ မိမိယူဆသလို...

အခြားသူ တစ်ဦးတစ်ယောက်က သယ်ဆောင်လာတဲ့ အတွေးအခေါ် အယူအဆ မှာလည်း

မှန်နိုင်ခြေ ရှိကြောင်းကို မိမိအနေနဲ့ လက်ခံနိုင်စွမ်း ရှိရမယ်။



ဒါပေမယ့် ကိုယ့်အတ္တ ကိုယ်တည်ဆောက်တတ်ကြတဲ့ ကျွန်တော်တို့ တတွေဟာ

သူတစ်ပါး အတွေးအခေါ် အယူအဆတစ်ခု ချပြလာတဲ့အခါ လက်ခံဖို့ ကြိုးစားတာ

နည်းချင်နည်းတတ်တယ်။ လက်ခံရင်လည်း ဝေဖန်သုံးသပ်တဲ့ အလေ့အထ လုပ်တာ

နည်းတတ်တယ်။ 


အကယ်၍ တစ်စုံတစ်ဦးက ချပြလာတဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်တစ်ခုကို

နောက်တစ်ယောက်က နားထောင်ပေးမယ်၊ လက်ခံမယ်၊ ဝေဖန်သုံးသပ်မယ်၊

လိုအပ်တာ ဖြည့်စွပ်မယ်ဆိုရင်တော့ ဘားနက်ရှောပြောခဲ့တဲ့ အတွေးအမြင်နှစ်ခုသာမက

တတိယမြောက် အတွေးအမြင် တစ်ခုလည်း ဖြစ်လာနိုင်ပါသေးတယ်။ 



ဒါပေမယ့် ကိုယ်သာမှန်တယ်ဆိုတဲ့အတ္တကိုသာ ရှေ့ တန်းတင်ထားမယ်ဆိုရင်တော့...

တစ်ယောက်ပိုင်တဲ့ အတွေးအခေါ် တစ်ခု အနေနဲ့ သာ ရပ်တည်သွားနိုင်ပါတယ်လို့ 

ယူဆမိပါကြောင်းပါခင်ဗျာ။




ရေးသားသူ- အိမ်ဝေးသူ (KZ)