Sunday 28 April 2013

အချို့ က ဆိုကြပါသည်။

“စမ်းချောင်းတစ်ခု သည် အာရုံခံစားမှုတို့ ရှိရန် မလိုအပ်၊ စီးဆင်းတတ်ရန်သာ လိုသည်” တဲ့။

ကျွန်တော်သည် စမ်းချောင်းတစ်ခုသာဖြစ်ပါသည်။ ထို့အတွက် ကျွန်တော် မနေမနား စီးဆင်းခဲ့ပါသည်။

ကျွန်တော့်ကျောပေါ်တွင် တစ်ခါတရံ ပန်းပွင့်ကလေးတို့ လိုက်ပါတတ်၍ ကျွန်တော့်ဝမ်းအောက်တွင်မူ ကျောက်စရစ်ပွင့်တို့ လိုက်ပါတတ်ပါသည်။

ကျွန်တော့်ရင်ခွင်ထဲ၌ မြူးတူးကူးခပ်သောအဏ္ဏဝါငယ်တို့ ကို မြင်ရသောအခါ ကျွန်တော်...ဝမ်းမြောက် ကြည်နူးတတ်၍

လှည့်ဖျားတတ်သော ချိတ်ဖျား၌ ဇီဝိန်ကြွေရလေသောရွှေငါးလေးတို့ကို မြင်ရသောအခါတွင်မူ ကျွန်တော်...လွန်စွာ နာကျင်ကြေကွဲရပါသည်။


မည်သို့ ဆိုစေ...

စမ်းချောင်းတစ်ခု ဖြစ်သည့်အတွက် ကျွန်တော့်မှာ ရွေးချယ်ခွင့် လုံးဝ မရှိပါ။

အမှိုက်သရိုက်တို့ပါသည်ဖြစ်စေ၊ ပန်းမန်တို့ လိုက်ပါသည်ဖြစ်စေ....

ကွေ့ ကောက်စွာဖြစ်စေ၊ဖြောင့်တန်းစွာဖြစ်စေ

ကျွန်တော်...ကျေနပ်စွာ...စီးဆင်းပါသည်။

ကျွန်တော်...တိတ်ဆိတ်စွာ...စီးဆင်းခဲ့ပါသည်။

ပြီးတော့ ...ကျွန်တော် ကြည်လင်စွာ..အေးမြစွာ...စီးဆင်းနေဆဲ ဖြစ်ပါသည်။


မှတ်ချက် ။ “စမ်းချောင်းတစ်ခု သည် အာရုံခံစားမှုတို့ ရှိရန် မလိုအပ်၊ စီးဆင်းတတ်ရန်သာ လိုသည်” တဲ့။ မှန်ပါသည်။ သို့သော် ထိုစမ်းချောင်းငယ်၏ ဖြစ်တည် စီးဆင်းမှုကိုတော့ အာရုံခံစားတတ်သောအသင်တို့ မြင်တတ်ဖို့ လိုပါသည်။

 



ရေးသားသူ- အိမ်ဝေးသူ (KZ)

Saturday 13 April 2013

သက်တောင့်သက်သာရှိတဲ့
ချိုမြိန်မှုထက်
ရဲပတောင်းခတ်နေတဲ့
ခါးသီးမှုကို....ကျွန်တော် ပိုမြတ်နိုးတယ်။

တစ်ချိန်တည်းမှာပဲ
အဲဒီခါးသီးမှုရဲ့နောက်ကွယ်က
ချိုမြိန်မှုက
အတိုင်းအဆ မရှိဘူး။



ရေးသားသူ- အိမ်ဝေးသူ (KZ)