Wednesday 12 December 2012

မာယာည

(၁)

ငယ်ငယ်ကဆိုရင် ကျွန်တော်ဟာ ပုံပြင်တွေကို သိပ်ကြိုက်ပါတယ်။
အမေကလည်း ပုံပြောကောင်းသူတစ်ယောက်ပါ။ ဒါပေမယ့် ညစဉ်ရက်ဆက် ဖြစ်လာတဲ့အခါ အမေ့မှာ ပုံပြင်ရှားလာပါတယ်။
သူပြောဖူးတဲ့ ပုံပြင်တွေကိုလည်း ကျွန်တော်က မှတ်မိနေတတ်တော့ အမေလည်း အခက်ကြုံရတာပေါ့။
တစ်ညမှာတော့ အမေက ကျွန်တော့်ကို ပုံပြင်မဟုတ်တဲ့ အကြောင်းအရာတစ်ခု ပြောပြလာတယ်။
အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့ပြီး ဘာကြောင့်ရယ်လို့ ဘယ်သူကမှ မဝေခွဲနိုင်တဲ့ ကိစ္စလေးတစ်ရပ်ပါ။
အဲဒီထဲက ဇာတ်ကောင်ကတော့  ဦးပိုက်နွယ်  တဲ့။
(၂)

အမေတို့နေတဲ့ ရွာကလေးမှာ ဦးပိုက်နွယ်ဟာ တစ်ဦးတည်းသော ပညာတတ်ပါပဲ။
မြို့ ကိုခွာပြီး ရွာမှာ ပြန်လာနေပေမယ့် ဘယ်သူနဲ့မှ မရင်းနှီးအောင် တစ်သီးတစ်သန့် ရပ်တည်ခဲ့ပါတယ်။
ဘွားဘွားတို့ အပါအဝင် ရွာကလေးရဲ့ လူကြီးသူမတွေဟာ သူ့ကို နားမလည်ခဲ့ကြပါဘူး။
သူဟာ နှစ်ပေါင်းများစွာ ရွာကိုစွန့်ခွာပြီး သူစိမ်ဆန်စွာ ရွာကို ပြန်ရောက်လာတဲ့ သူပေါ့။
တက္ကသိုလ်ပညာ တစ်ပိုင်းတစ်စ သင်ခဲ့ဖူးတယ်ဆိုတဲ့ သူ့အတွက် ရွာကလေးက ဂုဏ်ယူမိပေမယ့် သူကတော့
သူ့ကိုယ်သူ ပြန်သိုဝှက်လွန်းလှပါတယ်။
သူ့တဲလေးဟာ ရွာအစွန်မှာရှိပြီး သူက ညဘက်ကျမှ လရောင်ရှိရာသို့ထွက်လာတတ်ပါတယ်။
သူရဲ့ဘကြီးဖြစ်သူက ရွာမှာ ပြည့်စုံပြီး သြဇာညောင်းလွန်းသူမို့ သူရဲ့ စားဝတ်နေရေးဟာလည်း ပူပန်စရာမရှိခဲ့ပါဘူး။
ဒါပေမယ့် သူ့ဘကြီးကိုယ်တိုင်ဟာလည်း သူ့အကြောင်း တွေးမိရင် ကွမ်းအစ်ကြီးရှေ့ချပြီး ခေါင်းကိုသာ ယမ်းခါနေတတ်တယ်။

ဦးပိုက်နွယ်က သိပ်ကို ထူးဆန်းတယ်။

ညကောင်းကင်မှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ သာနေခဲ့တဲ့ လမင်းကိုပဲ သူက မြေပြင်ပေါ်ကနေ ကျွမ်းကျွမ်းဝေဝေကြည့်နေတတ်တယ်။
အဲဒါဟာ တစ်ခါတလေ မဟုတ်ဘူး။ လကိုမြင်နေရတဲ့ ညတွေတိုင်းမှာပါပဲ။
နီးစပ်သူ တစ်ယောက်စ၊ နှစ်ယောက်စက ဘာကြောင့်လဲဆိုတဲ့ အကျိုးအကြောင်းကို သူ့ဆီ မေးကြည့်ကြပေမယ့်
အဖြေကိုတော့ လုံးဝ မသိခဲ့ပါဘူး။
သူကတော့ ညပေါင်းများစွာမှာ လမင်းကိုသာ ငေးကြည့်နေခဲ့တယ်။
အဲဒီလိုနဲ့ သူ့တဲရှေ့က သစ်ပင်အိုဟာ သူ့အတွက် လမင်းမျှော်စင်ပမာ ဖြစ်နေခဲ့တယ်။

သူဟာ အရပ်ရှည်တယ်။ အသားအရေ ဖြူဝင်းစိုပြည်တယ်။
အမူအရာအားဖြင့် သွယ်ပျောင်းနူးညံ့ပြီး အညိုရောင်ကို အမြဲတမ်းလို ဝတ်တတ်တယ်။
အကျင့်တစ်ခုလို ပြောစရာရှိတာကတော့ သူ့လက်ထဲမှာ ရိုးတံရှည်တဲ့ မြက်ပင်လေးတစ်ပင်ကို တစ်ချက်တစ်ချက်မှာ
ဘယ်ညာလှုပ်ယမ်းရင်း လမင်းလေးကိုပဲ စိတ်ထဲက နမ်းနေတတ်တယ်။
ဘာရယ်မဟုတ်ပါဘဲ သူ့ဇာတ်လမ်းက အလွမ်းဆန်တယ်။

တစ်ညမှာပဲ ဦးပိုက်နွယ်ဟာ ရောဂါတစ်ခုနဲ့ ဆုံးပါးသွားပါတယ်။
သူဆုံးတဲ့ညမှာ မြေပြင်ပေါ်ကို စကြဝဠာရဲ့ နှင်းစက်တွေ ကွာကျလာတယ်။ နောက်ဆုံးအချိန်အထိ သူဟာ လမင်းကို
ငြိမ်သက်ငေးမောနေခဲ့တယ်။
သူ သေဆုံးပြီးချိန်မှာ လရောင်ခြည်က သူ့ရုပ်အလောင်းပေါ် ရွှန်းလဲ့ဝေဝေ စီးကျလာတယ်။
သူဟာ ပညာရှိတွေလက်ထဲက ပဟေဠိဝှက်တဲ့ ကဗျာတစ်စလိုပါပဲ။
ရွာကလေးကို ခက်ဆစ်စာလုံးတွေ ပေးခဲ့ပြီး ပြန်မလာမဲ့ အဝေးခရီးကို ထွက်ခွာသွားခဲ့ပါတော့တယ်။

“ပြီးတော့ … ဘာဆက်ဖြစ်လဲ အမေ”

“အဲဒါပဲလေ သားရဲ့၊ အမေတို့လည်း ဘာမှန်း မသိဘူး”

“ဟာ….”

ကျွန်တော်ကတော့ မကျေမချမ်း ဖြစ်သွားမိပါတယ်။
အဲဒီည အိပ်စက်ချိန်မှာ ခေါင်းအုံးလေးဟာ ကျွန်တော်ကို ထမ်းထားရတာ ခါတိုင်းထက်ပိုလေးပါလိမ့်မယ်။
အတွေးနက်နက်တွေ ခေါင်းထဲမှာ လှည့်လည်ချီတက်နေလို့ပေါ့။

နောက်တော့လည်း…. ကျွန်တော်တဖြည်းဖြည်းနဲ့ ဦးပိုက်နွယ်ကို မေ့သွားတယ်။
လက်တွေ့ဆန်တဲ့ လောကထဲမှာ နေရောင်ဆီမီးရောင်ကို ခိုလှုံပွေ့ဖက်ရင်း လရောင်ခြည်နဲ့ ဝေးနေခဲ့တယ်။
တိုက်ဆိုင်တာရှိမှ ဦးပိုက်နွယ်ရဲ့ အဖြစ်ကို သတိရတတ်တယ်။ ဒါပေမယ့် နည်းပါးလွန်းပါတယ်။

(၃)
အဲဒီလိုနဲ့….ခက်မာကျစ်လျစ်တဲ့ ပိတောက်ပင်ပေါက်လေးလိုပဲ။
ကျွန်တော်လည်း တစ်စတစ်စ အရွယ်ရောက်လာပါတော့တယ်။ ကျွန်တော့်မိသားစုက ဆင်းရဲပါတယ်။
မပြေလည်တဲ့ စီးပွားရေးကို ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ရင်း ကျွန်တော်လည်း အရိုးတွေ ခိုင်လာခဲ့တယ်။
ချို့တဲ့တဲ့ ကျောင်းသားဘဝမှာ ကျွန်တော့်အတွက် မမေ့နိုင်စရာတွေက စည်ဝေလို့ပါပဲ။
ဒါပေမယ့် မမေ့နိုင်ဆုံး ညတစ်ည၊ ကျွန်တော့် ဘဝကို ပြောင်းပြန်လှည့်ပစ်ခဲ့တဲ့ ညတစ်ည ရှိခဲ့ဖူးပါတယ်။

အဲဒီညမှာပဲ မိုးပေါ်က လဟာ အလိုလျောက် ပျောက်ကွယ်သွားတယ်။
အဲဒီညကတော့ …. ကျွန်တော့်တို့ ဆယ်တန်း ကျောင်းသားတွေ စာမေးပွဲ အောင်စာရင်းထွက်မယ့် ညပါပဲ။
ကျွန်တော်တို့မြို့ကလေးရဲ့ အစဉ်အလာအရ ဆယ်တန်းတွေ အောင်စာရင်းထွက်ရင် မနက်ကျမှ စာရွက်ကပ်တာ မဟုတ်ဘဲ
ညကတည်းက လော်စပီကာနဲ့ အော်ကြေညာပေးပါတယ်။
ညနေဦးကတည်းက မနက်ကျ ဆယ်တန်းတွေ အောင်စာရင်းထွက်မယ်ဆိုတဲ့ သတင်းဟာ တစ်မြို့လုံးကို ပျံ့နှံ့လှုပ်နှိုးထားပါတယ်။
စက်ဘီးတွေ ဟိုဟိုသည်သည် ရှုပ်ယှက်ခတ်ပြေးလွှားပြီး
ဆယ်တန်းဖြေထားတဲ့ ကျောင်းသားတွေလည်း အုပ်စုလိုက် ရင်ခုန်နေကြပါပြီ။

အမေ့ကို ခွင့်တောင်းပြီး ညီအစ်ကို မသိတသိအချိန်မှာ ကျွန်တော် လမ်းပေါ်ထွက်လာခဲ့ပါတယ်။
လူရှင်းတဲ့လမ်းဘက်က ပတ်လျှောက်ရင်း ကျွန်တော်တစ်ယောက်တည်း တအုံနွေးနွေးတွေးလာခဲတယ်။
ကျွန်တော့်ရင်ထဲမှာလည်း အရက်ပြင်းတစ်ခွက် သောက်ထားသလို ပူရှနေတယ်။ အဓိက,ကတော့ အချက်သုံးချက်ပါပဲ။

(က)
ကျွန်တော်တို့မြို့ကလေးမှာ သိပ်လှတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။
အဲဒီကောင်မလေးဟာ အစိမ်းရောင်ဖိနပ်တွေကိုပဲ စီးလေ့ရှိတယ်။
အဲဒီကောင်မလေးကို ကျွန်တော့်ဘက်က ငြိတွယ်မိလာတော့ ကောင်မလေးက ကျွန်တော့်ကို စကားပြန်တယ်။
ဒီဆယ်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်အောင်ခဲ့ရင် သူစဉ်းစားပေးပါမယ်တဲ့။
(ခ)

ကျွန်တော့်တို့ရဲ့ ကျောင်းတော်မှာ ကျွန်တော်နဲ့ စာပြိုင်ဘက်တွေရှိတယ်။
ဆယ်တန်းတို့ သဘာဝ ဂုဏ်ထူးတွေ တန်းစီအောင် ထွက်ချင်ကြတယ်။
နှုတ်ကဖွင့်မပြောပေမယ့် စိတ်ထဲကနေ စိန်ခေါ်ပွဲလို နွှဲခဲ့ကြတယ်။ အဲဒီအတွက် အဖြေဟာလည်း မကြာခင် သိလာရတော့မှာပါ။
မသဲမကွဲ နာကျင်မိတာက သူတို့က ချမ်းသာပြီး ကျွန်တော်က ဆင်းရဲလွန်းတာကိုပါပဲ။
ငွေကြေး၊ ကျူရှင်၊ စာအုပ်စာတမ်း၊ ဘဝပြေလည်မှု အစစအရာရာမှာ ကျွန်တော်ဟာ သူတို့ခြေဖဝါးအောက် ရောက်နေပါတယ်။
ကျွန်တော်က အဖေ့အလုပ်ကို လုပ်နေချိန်မှာ သူတို့က ကျူရှင်တက်နေတယ်။ ကျွန်တော်က ထင်းခွဲနေတဲ့အချိန်မှာ
သူတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါပြီ။ စာမေးပွဲနီးလို့ သူတို့က ဆရာဝန်ခေါ်ပြီး ကျန်းမာရေးအတွက် ဆေးစစ်ချိန်မှာ
ကျွန်တော်က မိသားစုအပိုဝင်ငွေအတွက် ရပ်ကွက်ထဲမှာ မီးကင်းစောင့်နေရပါတယ်။
ပြိုင်ပွဲကတော့ အခြေအနေကလေးတွေ အဲဒီလို ကွာပါတယ်။
မျက်နှာမှာ မထီတရီ ပြုံးထားပေမယ့် ကျွန်တော့်ရင်ထဲမှာ နည်းနည်းကလေး မောနေမိပါတယ်။
(ဂ)

နောက်ဆုံးအချက်က အဆိုးဆုံးပါပဲ။
တက္ကသိုလ်မှာ ကံကော်တွေပွင့်တာ ကျွန်တော့်အတွက် မပါဘူး ထင်ပါရဲ့။
လမ်းဆုံးတော့ ရွာက ပျက်နေပါပြီ။ ဒီစာမေးပွဲ အောင်သွားပြီးလို့ရှိရင် ကျွန်တော်ရဲ့ ကျောင်းသားသက်တမ်းလည်း ပြီးဆုံးသွားပါပြီ။
အမေ့လက်တွေ ထမင်းဆက်ချက်နိုင်ဖို့ အတွက် ကျွန်တော့် ခြေထောက်တွေ အလုပ်ရှာထွက်ရတော့မှာပါ။
တာဝန်ယူနိုင်တဲ့ အသိရှိပေမယ့် သူများတကာလို တက္ကသိုလ်မတက်နိုင်တဲ့အတွက်ကြောင့် ကျွန်တော့်စိတ်ထဲမှာ အလွမ်းလှိုင်းတွေ
မှိုင်းအိနေခဲ့ပါတယ်။
(၄)

အဲဒါပါပဲ။ အဲဒီအခြေအနေ သုံးရပ်အရ အောင်စာရင်းလာနားထောင်ရတာ ပူလောင်ပျပျရှိရပါတယ်။
အဲဒီညရဲ့ သန်းခေါင်လွန်အချိန်မှာ ကျွန်တော်အပါအဝင် လူများစွာဟာ မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ရှိတယ်။
တာဝန်ရှိသူတွေက လော်စပီကာတွေ၊ ကက်ဆက်တွေ အသင့်ပြင်နေတဲ့အချိန်မှာ လာနားထောင်သူတွေကလည်း
နေမထိ ထိုင်မသာ မငြိမ်မသက် ဖြစ်နေကြပါတယ်။

များသောအားဖြင့်တော့ အုပ်စုလိုက်တွေ လာကြတယ်။ ဆွေတွေမျိုးတွေလည်း ပါကြတယ်။
ကျွန်တော်ကတော့ တစ်ယောက်တည်း။ မှောင်ရိပ်သည်းတဲ့ တစ်နေရာမှာ မတ်တတ်ရပ်နေပါတယ်။
အဲဒီအချိန်မှာပဲ မိုးစက်ကလေးတွေ ရှပ်ရှပ်ကျလာတယ်။
လူတွေ ထီးဖွင့်ဆောင်းကြ၊ မိုးခိုကြ၊ ကိုယ်ပိုင်ကားလေးတွေထဲ ပြန်ဝင်ကြ၊ နောက် မိုးတိတ်တော့ ပြန်ထွက်လာကြ။
ကျွန်တော်ကတော့ မူလနေရာမှာပဲ ကိုယ်ပေါ်က မိုးစက်တွေကို ခါချလိုက်တယ်။

မကြာမီ အောင်စာရင်းတွေ ကြေညာတော့မယ်။ လူတွေကို ကျွန်တော် လိုက်ကြည့်နေမိတယ်။
ကျွန်တော့်ရဲ့ အစိမ်းရောင်ဖိနပ်နဲ့ ကောင်မလေးဟာ ကျွန်တော့်အရွယ် ကောင်လေးတစ်ယောက်နဲ့ ပြုံးရယ် စကားဆိုနေပါတယ်။
ကျွန်တော့်ကိုတော့ သူမြင်ပုံမရပါဘူး။ ကျွန်တော် သူတို့ကို ဆက်မကြည့်တော့ပဲ မျက်လုံးလွှဲလိုက်တယ်။
ဟိုနေရာ၊ သည်နေရာမှာတော့ ကျောင်းသားအုပ်စုများစွာဟာ ဘယ်တက္ကသိုလ်မှာ ဘယ်မေဂျာနဲ့
ဆက်တက်သင့်တယ်ဆိုတာကို တိုင်ပင်ကြတယ်။
ကျွန်တော် သူတို့ကို အားကျငေးမောနေချိန်မှာပဲ ကျွန်တော့် အနားကို ရွှေကျောင်းတော်က
မဟာပြိုင်ဖက်တွေ ရောက်လာပါတော့တယ်။

ကျွန်တော် စိတ်ညစ်ပြီး သူတို့ဘေးက ခွာလာခဲ့တယ်။
အားငယ်သလိုလို၊ နာကြည်းသလိုလိုလည်း ဖြစ်လာခဲ့တယ်။ ဒီလူအုပ်ကြီးနဲ့ ဝေးရာကို ကျွန်တော် ထွက်လာခဲ့တော့တယ်။
အဲဒီလိုနဲ့ ကျွန်တော်ဟာ ရှင်းလင်းတိတ်ဆိတ်ပြီး အလျင်တစ်ခါမှ မရောက်ဘူးတဲ့
လမ်းကျဉ်းကလေးတစ်ခုထဲကို ရောက်သွားပါတယ်။
လမ်းဘေးခုံလေးမှာ ထိုင်ပြီး မိုးပေါ်က လမင်းကို ကျွန်တော် ငေးကြည့်နေမိတယ်။

သက်ပြင်း၊ နှင်းဝတ် နှင်းမှုံ၊ အာရုံတွေ ရိုင်းကြွနေတဲ့ည.....
ကြာလာရင် ကျွန်တော် မျက်ရည်ကျမိမယ်.......

(၅)

ဘယ်လောက်ကြာကြာ လမင်းကို ကျွန်တော် ငေးနေမိလဲ မသိပါဘူး။
နားထဲမှာ ပင့်သက်ရှိုက်ခတ်သံကြားမိလို့ လှည့်ကြည့်လိုက်တဲ့အခါ  ကျွန်တော့်နံဘေးမှာ လူတစ်ယောက် ရောက်နေပါတယ်။

“ဟင်….”

ကျွန်တော် သိပ်အံသြသွားတယ်။
အဲဒီလူဟာ အရပ်ရှည်ရှည် အသားအရည် ဖြူဝင်းစိုပြည်တယ်။
အညိုရောင် ဝတ်ဆင်ထားတယ်။ သူ့လက်ထဲမှာ ရိုးတံရှည်တဲ့ မြက်ကလေးတစ်ပင်ကို ကိုင်ထားတယ်။
အဲဒီမြက်ပင်လေးကို လှုပ်ယမ်းပြီး လမ်းကလေးဆီ ငေးကြည့်နေတယ်။

ကျွန်တော့် စိတ်ထဲမှာ တစ်စုံတစ်ရာကို အလိုလိုသိလိုက်ပြီး နှုတ်ကလည်း အမည်ခေါ်လိုက်မိပါတယ်။

“ဦးပိုက်နွယ်”

သူက နူးနူးညံ့ညံ့ လှည့်ကြည့်ပါတယ်။

“သားက ဦးကို သိလား ….”

“ဟုတ်…ဟုတ်ကဲ့ သိပါတယ်။ အမေက ပြောပြဖူးပါတယ်”

သူက ခေါင်းညိမ့်ပြီး မျက်နှာပြန်လွှဲသွားတယ်။ သူက  ဦးပိုက်နွယ်ဆိုတော့ ကျွန်တော်က သတိရပြီး
မိုးပေါ်က လမင်းကို မော့ကြည့်မိတယ်။ လမင်းက ပပဝင်းသာလို့….။

“မင်း ဘာဖြစ်လို့ လမင်းကို ကြည့်ကြည့်နေတာလဲ”

“ဟင့်အင်း…ဘာဖြစ်လို့မှ မဟုတ်ပါဘူး”

အဲဒီမှာ ကျွန်တော် သတိထားလိုက်မိတာက သူဟာ လမင်းကို လုံးဝမကြည့်တော့ဘူးဆိုတာပါပဲ။

“ဦးက အခုတော့ လမင်းကို မကြည့်တော့ဘူးနော်”

“အင်း…”

“ဟိုတုန်းက ဘာဖြစ်လို့လဲဟင်”

“ကျွန်တော့်ကို ပြောပြပါလား ဦးရယ်”

သူက မဲ့ပြုံးတစ်ချက်ကို အတော်ကြာအောင် ပြုံးနေပါတယ်။ နောက်တော့မှ…

“ဦးငယ်ငယ် ကလေးတုန်းကပေါ့ကွာ….”

“ဟုတ်ကဲ့”

“ထမင်းဆာလို့ ငိုတော့ အမေက ပြောတယ် မငိုနဲ့တဲ့။
လမင်းကြီးဆီက ထမင်းးဆီဆမ်းကို ရွှေလင်ဗန်းနဲ့ တောင်းပေးမယ်တဲ့။
ပြီးတော့… တကယ်လည်း အော်တောင်းတယ်”

“ဟုတ်ကဲ့”

“ဦးကတော့ စောင့်နေတာပေါ့။
လမင်းကြီးဆီက ထမင်းဆီဆမ်းတွေ ရွှေလင်ဗန်းနဲ့ လာမယ်ဆိုပြီး ကျိတ်စောင့်နေတာပေါ့။
အဲဒီလိုနဲ့ နှစ်တွေကြာသွားတယ်။ ရောက်မလာဘူး။ ကမ္ဘာမြေနဲ့ လက ခရီးမိုင်တွေ ကွာလွန်းလို့ မရောက်သေးတာပဲ။
လမ်းမှာ ကြာနေတာပဲ။ တစ်နေ့တော့ ရောက်လာမှာပဲဆိုပြီး စိတ်ရှည်ရှည်နဲ့ ထပ်စောင့်တယ်။
ဦးရဲ့ အမေလည်း ဆုံးသွားတယ်။ နောက်ထပ် နှစ်တွေ ကြာသွားတယ်။ နောက်ဆုံးတော့ ဦးလည်း သေဆုံးခဲ့တယ်။
ထမင်းဆီဆမ်း ရွှေလင်ဗန်းကတော့ ရောက်မလာခဲ့ဘူး။
အဟင်း… ဦးသေဆုံးချိန်မှာ အဓိကကျတဲ့ ရောဂါကတော့… အဲဒီ လမင်းကင်ဆာပေါ့ကွာ”

ကျွန်တော် မချင့်မရဲ ဝင်ပြောမိတယ်။

“ဦးကလည်း ခေတ်ပညာတွေ သင်ပြီးတော့…”

သူက ရယ်ပါသည်။

“အဲဒီလို ခေတ်ပညာတွေသင်၊
အမြင်တွေ ကျယ်လာတော့ နေရာအနှံ့က ထမင်းဆီဆမ်းတွေ၊
ရွှေလင်ဗန်းတွေကို ပိုမြင်လာမိ၊ ပိုမျှော်လင့်မိတာပေါ့ကွာ။
ကိုယ်ကလည်း လမင်းကြီးဆီကို ပိုငေးမိတာပေါ့…”

ပြီးတော့ သူက မျက်နှာတည်သွားပြီး…

“အဲဒီတော့ သားကို ဦးက တစ်ခုမှာမယ်…”

“ဟုတ်ကဲ့”

“လမင်းဆီက ထမင်းဆီဆမ်း ရွှေလင်ဗန်ူတွေကို ဘယ်တော့မှ မတောင်းနဲ့ကွာ၊
ဘယ်တော့မှ ရမှာ မဟုတ်ဘူး..”
ကျွန်တော် ဘာမှ ပြန်မပြောမိဘူး။ နှစ်ယောက်တည်းရှိတဲ့ စကားဝိုင်းလေးဟာ တိတ်ဆိတ်သွားပါတယ်။
အတန်ကြာမှ ကျွန်တော်က သူ့ကို ရုပ်ရှင်တွေ၊ ဝတ္ထုတွေမှာ ပါနေကျစကား တစ်ခွန်း ပြောလိုက်တယ်။

“ဒီလိုပေါ့ ဦးရယ်၊ လူဆိုတာ မျှော်လင့်ချက်နဲ့ ရှင်သန်ရတာပေါ့…”

“ဘာ….”
သူက ကျွန်တော့်ကို ဖျတ်ခနဲ လှည့်ကြည့်တယ်။
တစ်ပြိုင်နက်တည်းမှာပဲ သူ့လက်ထဲက ရိုးတံရှည်မြက်ကလေးဟာလည်း လွတ်ကျသွားတယ်။
သူက ပြန်မကောက်တော့ဘဲ ငေးကြည့်နေရင်းက သက်ပြင်းရှည်ကြီးချတယ်။

“အင်း…လူတွေက အဲဒါပဲ သိကြတယ်။
အဲဒီမျှော်လင့်ချက်နဲ့ ပြန်သေနေရတာကိုတော့ မသိကြဘူး

“ဗျာ…”

“လူဟာ မျှော်လင့်မိရင် မျှော်လင့်မိသလောက် ခံစားရတယ်…”

သူ့အသံက ကြေမွ အက်ကွဲနေတယ်။

“မိုးကုတ်စက်ဝိုင်းကြီးတွေကို လှတယ်လို့ မင်းမထင်မိဘူးလား…”

“ထင်ပါတယ်…”

“အဲဒီ မိုးကုပ်စက်ဝိုင်းကြီးဆီကို ရောက်အောင် လျှောက်လို့ဖြစ်နိုင်မလား…”

“ဟာ…ဘယ်ဖြစ်နိုင်မလဲ ဦးရဲ့”

“အင်း…ဟုတ်တယ်နော်..
မိုးကုပ်စက်ဝိုင်းကြီးဆီကို လမ်းလျှောက်လို့ တို့ ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။
တို့ လျှောက်သလောက် သူက လိုက်ရွေ့လျားသွားမှာပဲ…
လောကမှာ “မာယာယဉ်ကျေးမှု” တွေ ရှိတယ်သားရဲ့။
တချို့အရာတွေဟာ မြင်ရုံနဲ့ပဲ ကျေနပ်ယူရတယ်။ ဆုပ်ကိုင်ချင်လို့မရဘူး။
အဲဒီတော့ လောကမှာ အရာရာကို မိုးကုပ်စက်ဝိုင်းမျဉ်းသားပြီး ကြည့်နိုင်အောင် ကြိုးစားပေါ့…။
တောင်ထွတ်တွေများရင် ချောက်ကမ်းပါးတွေ များတယ်။
မျှော်လင့်ချက်တွေများရင်၊ “အမှားပူဝန်”တွေ များလိမ့်မယ်…”
(၆)

“ဘာ…. ဘာကိုမှ မမျှော်လင့်ရင်ကော ဦး…”

သူက ထည်ထည်ဝါဝါ ပြုံးတယ်။ ပြတ်သားတဲ့ လေသံနဲ့

“ဘာမှကို မမျှော်လင့်ရင် ဘာမှကို ကြောက်စရာမလိုဘူးပေါ့…”

“အိုး…”

သူက…လှည့်ထွက်သွားတယ်။ ခြေသံမကြားရဘူး။ သူပျောက်ကွယ်သွားတယ်။ ကျွန်တော် ကျန်ရစ်ခဲ့…တယ်......

တည်ကြည်၊ ရှင်းလင်း၊ တိတ်ဆိတ်၊ ငြိမ်သက်၊ ကျွန်တော်။ ရဲရင့်လင်းဝေလျက်…။
အဲဒီနေရာက ထထွက်ပြီး မူလ လူအုပ်ကြီးဘက်ကို ပြန်လျှောက်လာခဲ့တယ်။
ကျွန်တော့် ခြေလှမ်းတွေက ငြိမ်းချမ်းလွတ်လပ်နေတယ်။
ကျွန်တော့်စိတ်ဝိညာဉ်က တုန်လှုပ်ချောက်ချားမှု ကင်းပနေတယ်။
ကိုယ့်ကိုယ်က တောက်ပနေသလို ခံစားရလို့ ငုံ့ကြည့်တော့ ရင်ထဲမှာ ကြယ်တစ်ပွင့် ပွင့်နေတယ်။

ည…...........
ကျွန်တော် မော့ကြည့်နေရင်းမှ
မိုးပေါ်က လမင်း ကွယ်သွားပါတယ်..........!!!

.........................................................................................................
(ဆရာတာရာမင်းဝေရဲ့ တွေးစရာ တစ်ပိုင်းတစ်စ...ပေးနိုင်စွမ်းတဲ့...စာအပိုင်းအစတစ်ခုပါ)

0 comments:

Post a Comment