Friday 29 March 2013

ဓမ္မပျက်ယွင်း၊အတ္တထွင်း၍

အမျိုးသားရေး အန္တရာယ်ကောင်များ အဖြစ်

အသင်တွန်းပို့ ..ပျော်လွန်းလှပေသလား.။


အသင်ပြောသော မျက်ကန်းမျိုးချစ်တရား

ဘာညာမှန်း..လူမသိငြားလည်း

အသင်ဟောသော တရားပျက်များနှင့်ပင်

ငါတို့ ဘဝတွေ ပြာကျနေပါပြီ။


အသင့်အတွက်

သင်းခွဲရခြင်းက၊ ထင်းခွဲရခြင်းလောက်

မခက်ပေသော်လည်း
 

 ငါတို့ အတွက် တော့

မေတ္တာတရားများ လျှပ်ပြက်ရုံသာမက

အနာဂတ်တွေပါ...တိမ်းပါးလေပြီ..အသင် ။








ရေးသားသူ- အိမ်ဝေးသူ (KZ)

Sunday 24 March 2013

ကျွန်တော့် အတွက်တော့...

“တရားဥပဒေ စိုးမိုးရေး”...ဆိုတဲ့

အမေ့..ပြက်လုံးက ရယ်စရာအကောင်းဆုံးပဲ.....





အဲဒီပြက်လုံးအတွက်..

ကျွန်တော် ..နိုဘယ်ဆုတစ်ဆုထပ်ပြီး ချီးမြှင့်ချင်ပါသေးတယ်...

အမေ..လက်ခံပေးမယ်ဆိုရင်ပေါ့



ရေးသားသူ- အိမ်ဝေးသူ (KZ)

Saturday 23 March 2013

          ကျွန်တော်တို့...
          အပျင်းပြေ...ကဗျာရေးကြတယ်
          အပျင်းပြေ...ချက်တင်သုံးကြတယ်
          အပျင်းပြေ...ရည်းစားထားကြတယ်
          အပျင်းပြေ...မိတ်ဆက်ကြတယ်
          အပျင်းပြေ...မိတ်လိုက်ကြတယ်
          အပျင်းပြေ...ဥာဏ်ကစားကြတယ်
          အပျင်းပြေ...ဖဲကစားကြတယ်
          အပျင်းပြေ...ကားပြိုင်ကြတယ်
          အပျင်းပြေ...အိမ်သာတက်ကြတယ်
          အပျင်းပြေ...အရက်သောက်ကြတယ်
          အပျင်းပြေ...ဓာတ်ပုံရိုက်ကြတယ်
          အပျင်းပြေ...နိုက်ကလပ်တက်ကြတယ်
          အပျင်းပြေ...ဒန့် ဒန့် ဒန် ကြတယ်
          အပျင်းပြေ...အသက်တွေကြီး...
          အပျင်းပြေ...အတ္တတွေကြီး
          အပျင်းပြေ...ရာထူးတွေကြီးလာရင်း ။။။

          ဟော ခုဆို...

          ကျွန်တော်တို့ ...           အပျော်တမ်း...ချစ်တမ်း ကစားကြတယ်
          အပျော်တမ်း...မုန်းတမ်း ကစားကြတယ်
          အပျော်တမ်း...အမဲလိုက်ကြတယ်
          အပျော်တမ်း...ဖေ့စ်ဘွတ်ခ်မှာ ဖွကြတယ်
          အပျော်တမ်း....နိုင်ငံရေးလုပ်ကြတယ်
          အပျော်တမ်း...နိုင်ငံတော်ကို သစ္စာစောင့်သိကြတယ်
          အပျော်တမ်း...အမျိုးသားရေးတရား ဟောကြတယ်
          အပျော်တမ်း...အာဇာနည် သူရဲကောင်းလုပ်ကြတယ်
          အပျော်တမ်း...အကြမ်းဖက်တမ်း ကစားကြတယ်
          အပျော်တမ်း...သပိတ်မှောက်ကြတယ်
          အပျော်တမ်း...ဝါးလုံးရှည်ချေးသုတ်လို့ ရမ်းကြတယ်
          အပျော်တမ်း...ကျားကစားကြတယ်
          အပျော်တမ်း...မိုက်ရိုင်းတမ်း ကစားကြတယ်
          အပျော်တမ်း...ယဉ်ကျေးတမ်း ကစားကြတယ်
          ပြီးတော့........ကျွန်တော်တို့ 
          အပျော်တမ်း...လူသတ်ကြပါသေးတယ် ။။။

          ဟုတ်ပါတယ်ခင်ဗျာ...           ကျွန်တော်တို့ လူသတ်ရလို့  အပျင်းပြေကြသလို
          ကျွန်တော်တို့ လူသတ်ရလို့  ပျော်ကြပါသေးတယ်
          ဟောဒီကမ္ဘာကြီးမှာ...
          အပျင်းပြေအတွက် အပျော်တမ်း လူသတ်ကြပါတယ်ခင်ဗျာ ။။။



      ရေးသားသူ- အိမ်ဝေးသူ (KZ)

      

Sunday 17 March 2013

(ငါ)

တောတောင်တစ်နေရာမှာ

မျက်စိလည် လမ်းမှားနေသူတွေအတွက်

ခပ်ဖျော့ဖျော့ အလင်းရောင်ကလေးနဲ့ 

လမ်းမှန်ပြရင်း အကျိုးပြုနိုင်စွမ်းတဲ့

ပိုးစုန်းကြူးကလေးတစ်ကောင် ဖြစ်ချင်ခဲ့ဖူးပါရဲ့။



(ငါ)

ပူပြင်းလောင်ကျွမ်းမှုကို စုပ်ယူရပေမယ့်

တောက်ပအေးမြတဲ့ အလင်းရောင်နဲ့ 

ကမ္ဘာမြေရဲ့ မှောင်မိုက်မှုကို ဖြိုခွင်းအနိုင်ယူနိုင်စွမ်းတဲ့

လ,နတ်သားလေးတစ်ပါးလည်း ဖြစ်ချင်ခဲ့ဖူးပါရဲ့  ။
 


(ငါ)

ပိုးစုန်းကြူးတစ်ကောင်..ဆီမီးတစ်ခွက်

နေတစ်စင်း..မာကျူရီမီးတစ်ချောင်း

လမင်းတစ်ပါး..ဂျယ်လီငါးတစ်ကောင်

အလင်းရောင်တစ်ဆုံး...အနွေးဓာတ်တစ်ခု

ပူလောင်မှုတစ်လှေ..အေးချမ်းခြင်းတစ်ကမ္ဘာထဲက

ပိုင်ဆိုင်တာ တစ်ခုတလေများရှိမလားလို့ ကြည့်လိုက်တော့

တကယ့်ကို...ဝမ်းမြောက်ဝမ်းသာပါပဲ

ငါပိုင်ဆိုင်တာတွေက (မရှိခြင်းများ) တစ်ပွေ့ တပိုက်တဲ့ ။
 


(ငါ..နတ္တိ)

အလင်းတမျှင်လည်း မပေးနိုင်မယ့်အတူ

အနွေးဓာတ်တစ်ငွေ့ လည်း မဝေနိုင်မယ့်အတူ

ပြာဖုံးပြီး တစ်ငွေ့ ငွေ့နဲ့ သိမ်ငယ်စွာလာင်မြိုက်နေရတဲ့

မီးတောက်ကလေးဖြစ်ရမှာလည်း ငါ....ရှက်တယ်..

ဖြစ်ချင်တာတွေမဖြစ်မယ့်နောက်တော့...

အားမတန်လို့ မာန်လျှော့ရင်း

ကိုယ့် မီးရှိန် ကိုယ်တိုင်ပဲ ငြိမ်းသတ်လိုက်တော့တယ် ။
 


ကျေးဇူးပြုပြီး

ငါ့...ကိုတော့

လာ..လာ..မဆွကြပါနဲ့ ...။




ရေးသားသူ- အိမ်ဝေးသူ (KZ)

Wednesday 6 March 2013

ဘာ...!!!
မေတ္တာတရား ဟုတ်လား ???
သူ့ ကို နိုးနိုးကြားကြား ရှိနေပါစေ ။။။



သူ ရှင်သန်လေလေ
ကျုပ်တို့ လူသားတွေ
ပျော်ရွှင်ရလေလေ ။။။



ဘာ...!!!
အမုန်းတရား ဟုတ်လား ???
သူ့ ကိုထာဝရ အိပ်မောကျနေပါစေ ။။။



သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေ
ကျုပ်တို့ လူသားတွေ
အန္တရာယ် ကင်းလေလေ ။။။ 





ရေးသားသူ- အိမ်ဝေးသူ (KZ)